အရိုးနဲ့ ကြွက်သားအတွက် အရေးကြီးတဲ့ ကော်လဂျင်
ကော်လဂျင်လို့ ပြောလိုက်ရင် အလှအပအတွက် လူတိုင်းနီးပါး ကြားဖူးကြပြီး သုံးစွဲနေတဲ့ သူတွေလဲ အများကြီး ရှိပါတယ်။
ကော်လဂျင်က အလှအပရေးရာ အတွက်တင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြောနဲ့ အူမကြီးတွေမှာ ရှိတဲ့ တွယ်ဆက် တစ်သျှူးတွေကို အဓိက အားဖြည့်ပေးတဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပါတယ်။
အရိုးတွေ ကြီးထွား သန်မာဖို့နဲ့ လွယ်လွယ်ကူကူ လှုပ်ရှား သွားလာနိုင်ဖို့ တွယ်ဆက်တစ်သျှူးတွေရဲ့ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိဖို့ လိုအပ်ပါတယ်။ ကော်လဂျင်က တစ်သျှူးတွေရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းကို အားဖြည့်ပေးတဲ့အတွက် အရိုးအတွက် အရေးကြီးပါတယ်။ ဒါ့အပြင် အရိုးနုလေးတွေ ကြီးထွားဖို့ အတွက်လဲ အားဖြည့်ပေးပါတယ်။
ကော်လဂျင်က အရိုးနုလေးတွေ ကြီးထွားသန်မာဖို့နဲ့ ထိခိုက်ထားတဲ့ အရိုးနုလေးတွေ ပြန်လည် သန်စွမ်းစေဖို့ အရေးကြီးတဲ့ အခန်း ကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ဒါ့ကြောင့် အဆစ်အမြစ်ရောင် ရောဂါတွေမှာ ကော်လဂျင်ကို ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အရ သောက်သုံးပေးရတာ ရှိပါတယ်။
ဒါတင်မကပဲ ကော်လဂျင်က အရိုးရဲ့ ဖွဲ့စည်းပုံနဲ့ သိပ်သည်းဆကိုလဲ ပုံမှန် ပမာဏ အတိုင်း ထိန်းညှိပေးထားပါတယ်။ အသက်အရွယ် ရလာတဲ့အခါ ကော်လဂျင် ထုတ်လုပ်နိုင်စွမ်းက လျော့ကျလာတာ နဲ့အမျှ အရိုးရဲ့ သိပ်သည်းဆတွေကလဲ လျော့ကျလာပြီး အရိုးပွရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ကော်လာဂျင်ကို ဖြည့်စွက်စာ အနေနဲ့ သောက်သုံးလာကြပါတယ်။
ကော်လာဂျင် နောက်ထပ် အားဖြည့်ပေးနိုင်တာကတော့ ကြွက်သားတွေပါ။ ကြွက်သားထုထည်တွေ ကြီးမားဖို့ အတွက်၊ ကြွက်သားရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ အတွက်လဲ ကူညီပေးပါတယ်။
အထူးသဖြင့် အားကစားသမားတွေမှာ ကြွက်သားသန်မာဖို့က အရေးကြီးပါတယ်။ ကော်လဂျင်တွေ လျော့နည်းလာတဲ့အခါ အသားအရေ၊ ကြွက်သားတွေ လျော့တွဲလာတဲ့အတွက်ကြောင့် အားကစားသမားတွေမှာ ကော်လဂျင်က ဖြည့်စွက်စာ အနေနဲ့ လိုအပ်လာပါတယ်။
အသက် (၃၀) ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်ကနေ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း လျော့ကျလာတာကြောင့် ကော်လဂျင်ဓာတ် ပေါကြွယ်ဝတဲ့ အမဲသား၊ ကြက်သား၊ ငါး၊ ရိုးတွင်းခြင်ဆီ၊ဥ အမျိုးမျိုး ၊ အသီးအရွက် တွေ စားပေးတာမျိုး၊ ကော်လဂျင် ဖြည့်စွက်စာတွေ သောက်သုံးပေးတာမျိုး လုပ်ဆောင်ပေးသင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)